Monday, August 9, 2010

အချိန်မီ(နန္ဒာသိန်းဇံ)


``ကျွန်တော်မူးပေမယ့် ကျွန်တော့်ဒဿနကတော့ မမူးပါဘူး'' တဲ့။မူးလာရင် ဒီစကားကို သူက ပြောနေကျ...။
``ကျွန်တော် သောက်တာက ကြိုက်လို့သောက်တာပါ၊ ကြိုက်တာကလည်း ကောင်းလို့ပေါ့ ၊ကောင်းလို့ကြိုက်တာပဲ ဖြစ်ရမှာပေါ့။ ကောင်တယ်ထင်လို့ လူတွေလုပ်ကြတာပဲ၊ကျွန်တော်ကတော့ ကောင်းမှန်းသိလို့ကိုသောက်တာ၊ကောင်းတယ်ဆိုပြီး လုပ်ခဲ့တာတွေဟာပဲ အခုတော့ မကောင်းတာတွေ ဖြစ်လာပြီ။"
ဒီစကားတွေကလည်း မူးလာရင် သူပြောနေကျ။
ဟုတ်ပါရဲ့သူ့မျက်နှာ၊သူ့အသားအရည်တွေက အရင်က လိုစိုစိုပြည်ပြည်မရှိကြတော့...သူ့မျက်စိတွေက အရင်တစ်ခါတွေတုန်းကထက် ပိုပြီးမှုန်ဝါးသွားတာ သေချာတယ်။
''ပြောဖူးတယ်...ဟုတ်၊အဲဒီတုန်းက ဟင်္သာနှစ်ကောင်နဲ့သစ်ပင်စောင့်နတ်ကြီးကြားက ဒိုင်ယာလော့ကို ဒီလောက်အရေးကြီးမှန်းမသိခဲ့ဘူး။"
ဒီစကား ကလည်း မူးလာလို့တွေ့ကြရင် သူပြောနေကျစကား။
သူပြောတဲ့သစ်ပင်စောင့်နတ်ကြီးဆိုတာက ရေခံတက်ပင်စောင့် ရုက္ခစိုးကို ဆိုလိုတာပါ။
ရေကန်ကြီတစ်ခုအနားမှာေ၇ခံတက်ပင်တစ်ပင်ရှိတယ်။ အဲဒီေ၇ခံတက်ပင်ကိုအမှီပြုပြီး ရုက္ခစိုးနတ်ကဘုံဗိမာန်လုပ်နေရတယ်။အဲဒီေ၇ခံတက်ပင် ပေါ်ကို ဟင်္သာနှစ်ကောင်က လာလာပြီးနားလေ့ရှိတယ်။လာပြီး နားနေပါများတော့ ရုက္ခစိုး နဲ့ဟင်္သာနှစ်ကောင် ကရင်းနှီးသူတွေဖြစ်လာတယ်။ တစ်နေ့မှာ ညောင်ပင်ငယ်ကလေးတစ်ပင် အဲဒီေ၇ခံတက်ပင်ရဲ့ အကိုင်းခွကြားတစ်ခုမှာ ပေါက်နေတာကိုဟင်္သာ တွေကမြင်တယ်၊မြင်တော့...အမြှော်အမြင်ရှိကြတဲ့ဟင်္သာတွေကရုက္ခစိုး ကိုအသိပေးတယ်။ အဲဒီညောင်ပင်ကိုမြန်မြန် ရှင်းပစ်လိုက်၊ အချိန်မီ မရှင်းလို့နောင်ကြီးထွားလာရင် ရေခံတက်ပင်ကိုမြိုသွားမယ်။ ဒီအခါမှာရုက္ခစိုးအတွက် နေစရာဗိမ္မာန်ပျောက်သွားမယ်လို့ပြောပြကြတယ်။ ဒါပေမယ့်...ရုက္ခစိုးက အလေးအနက် လည်းမထားတတ်ဘူး။ ဒီတော့ ...ညောင်ပင်ငယ်ကို ငယ်တုန်း ဖယ်ရှားမပစ်မိဘူး။ဒီတော့ တဖြည်းဖြည်းနဲ့ ညောင်ပင်ငယ်ဟာ ကြီးထွားခွင့်ရလာတယ်။ နောက်ဆုံးမှာ ကြီးမားတဲ.ညောင်ပင်ကြီးဟာ ရေခံတက်ပင်ကို အကုန်လုံး ၀ါးမြိုပစ်လိုက်လို့ရုက္ခစိုးခမျာ ဘုံပျောက်ခဲ့ရတယ်။
အကျင့်စရိုက်ဆိုးဆိုတာကိုလည်း နုတုန်းငယ်တုန်းမှာဖယ်ရှားပစ်ရတယ်။မဖယ်ရှားပဲ ကြီးထွားခွင့် ပေးလိုက်ရင်အဲ.ဒီအကျင့်ဆိုးဟာ ဘ၀တစ်ခုလုံးမြိုတော့တာပဲ၊ ရုက္ခစိုးက ဘုံပျောက်ရုံပျောက်တာ၊အကျင့်ဆိုး အမြိုခံရသူကတော့ ဘ၀တစ်ခုလုံး ဆုံးမှာ။
ရုက္ခစိုးဘုံပျောက်သွားတဲ့နေရာအထိ ပြောလာပြီးယင်သူက...''ကျွန်တော့်ဒဿနက မမူးပါဘူး ''လို့ ပြောပြန်ေ၇ာ။''ဟင်္သာနှစ်ကောင်နဲ့သစ်ပင်စောင့်နတ်ကြီးကြားက ဒိုင်ယာလော့ကို ဒီလောက်အရေးကြီးမှန်းမသိခဲ့ဘူး"လို့ ပြောပြန်ေ၇ာ။ပြီးတော့...
ကျွန်တော့် ကိုအခု အရက်ကမြိုနေပြီ၊သိတယ်၊မြိုခွင့်ပေးခဲ့မိတာကိုး၊သိတယ်။ ဒီသောက်တဲ့အကျင့်ကိုဖယ်ခဲ့ရမှန်းသိတယ်။...ဖယ်ရမှန်းသိတယ်။ကျွန်တော့်ဒဿန မမူးပါဘူး ၊သိတယ်၊သိပေမယ့် ဖယ်လို့ကမရတော့ဘူး၊မရနှိုင်တော့ဘူး...
ဒီစကားတွေကလည်း သူမူးယစ်နေချိန် တွေလိုက်ရင် ပြောနေကျစကားတွေပါ။
***
လကုန်ရက်တွေမှာ သူ ရောက်လာလေမလားလို့ မျှော်မိပါသေးတယ်။
သူ ရောက်မလာတော့ပါ။
သူ...နောင်တကင်းရာ ဘ၀ကို ရောက်ပါစေလို့ပဲ ဆုတောင်းရပါတယ်။

[အင်တာဗျူးဂျာနယ်၊ ဇူလိုင် ၂၀၀၂]
မှတ်ချက်...နောင်တ ကင်းရာသို. စာအုပ်မှ

No comments:

Post a Comment